ဗီတာမင် A ချို့တဲ့ရင် ဘာတွေဖြစ်မလဲ
Vitamin A (ခေါ်) Retinol၊ Retinoic Acidဟာ အမြင်အာရုံကောင်းစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဆဲလ်များနဲ့ အသားဓာတ် တည်ဆောက်မှုကောင်းစေခြင်း၊ အရေပြားဆဲလ်များကို ကျန်းမာရင့်သန်စေခြင်း စတဲ့ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ထားပါတယ်။
အထူးအားဖြင်တော့ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးရာမှာ အလွန်အရေးပါ အရာရောက်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပါ။ ဗီတာမင်အေမှာ ပင်မရင်းမြစ်နှစ်ခုရှိပါတယ်။ Retinol နဲ့ Beta-cartoene တို့ပါ။
Retinol ကို စစ်မှန်သော ဗီတာမင် A လို့ သတ်မှတ်ကြပြီးတော့ Beta-carotene ကိုတော့ ဗီတာမင် A အတွက် ရှေ့ပြေးဓါတ်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ အသုံးပြုနိုင်ရန် ၎င်းကို Retinol (သို့) ဗီတာမင်အေ အဖြစ်သို့ ထပ်မံ ပြောင်းဖို့ လိုအပ်သည်။ ဗီတာမင် A ကို လိမ္မော်ရောင်နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ မုန်လာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ကိုက်လန်)တို့မှာ အများဆုံး တွေ့နိုင်ပါတယ်။
ဗီတာမင် A ဟာ လူခန္ဓာကိုယ် အရေပြား၊ လက်သည်း နဲ့ ဆံပင်တွေမှာ တွေ့ရတဲ့ Keratin ဓာတ်ကို အလိုအပိုမရှိရလေအောင် ထိန်းညှိပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါကြောင့်လည်း ဗီတာမင် A ချို့တဲ့တဲ့အခါ Keratin တွေဟာ အရေပြားအပေါ်ယံအလွှာနဲ့ မွှေးညှင်းပေါက်တွေမှာ ပိုလျှံစုပုံလာတတ်ပါတယ်။
ဖိအားဒဏ်ခံရလေ့ရှိတဲ့ အရေပြားတွေ (တံတောင်ဆစ်၊ ခြေဖဝါး) မှာ ယောင်ယမ်းတာ၊ ပွန်းပဲ့တာမျိုး မဖြစ်စေဖို့ ဗီတာမင် A အကူအညီနဲ့ Keratin ထုတ်ပေးခြင်းဖြင့် ထိုနေရာရှိ အရေပြားပျက်စီးမှုကို ဟန့်တားပေးပါတယ်။
အရေပြားဆဲလ်တွေ တည်ဆောက်ရာနဲ့ ပြုပြင်ရာမှာ အရေးပါတဲ့ ဗီတာမင် A ချို့တဲ့ရင် အရေပြား ခြောက်သွေ့၊ ယားယံ၊ ယောင်ယမ်းကာ နှင်းခူ ၊ ကြာစူး၊ အသားမာ၊ ဝက်ခြံ စတဲ့ အရေပြားပြသာနာတွေ ပေါ်ပေါက်တတ်ပါတယ်။ ဒါ့အပြင်
- မောပန်းလွယ်တာ၊
- ကိုယ်ခံအားနည်းတာ၊
- အရေပြားခြောက်သွေ့ကြမ်းတမ်းတာ၊
- မျက်လုံးခြောက်တာ၊
- ညဘက်ဆို မမြင်ရတာနဲ့
- သွေးအားနည်းရောဂါတွေကလည်း ဗီတာမင် A ချို့တဲ့ခြင်းရဲ့ လက္ခဏာရပ်တွေပါပဲ။
ဒီပြဿနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့
- အသား၊
- ငါး၊
- ဥအမျိုးမျိုး၊
- နို့နဲ့ နို့ထွက်ပစ္စည်းများ၊
- အနီရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို စားပေးခြင်းဖြင့် ဖြည့်တင်းပေးလို့ရပါတယ်။
တစ်နေ့တာ လိုအပ်တဲ့ Vitamin A ပမာဏသည် ၇၀၀-၉၀၀ မိုက်ခရိုဂရမ်ပါ။ ၃၀၀၀ မိုက်ခရိုဂရမ်ထပ် ကျော်လွန်ကာ ဖြည့်တင်းမိရင်၊ ဗီတာမင် ဖြည့်စွက်စာတွေ မှီဝဲမိရင် ဗီတာမင် A လွန်ကဲ အဆိပ်တက်ကာ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ပိုအဖြစ်များတာက ဗီတာမင် A ချို့တဲ့ခြင်းဖြစ်တာမို့ ပိုသတိထားသင့်ပါတယ်။
Dr. May Myat Tun